Wednesday, September 24, 2014

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာရှိ တောင်သူများအား ခမရ (၅၃၁) က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲထားရာ ဖရူဆိုတရားရုံး၌ စတင်စစ်ဆေး

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာရှိ တောင်သူများအား ဖရူဆိုတရားရုံး၌ ခမရ ၅၃၁ မှ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထားရာ ယနေ့နံနက်တွင် စတင်ရုံးတင် စစ်ဆေးသည်ဟု သိရသည်။ထိုကဲ့သို့ ရုံးတင်စစ်ဆေးရာတွင် မူလက တောင်သူ လေးဦးအား တရားစွဲထားသည်ဟု သိထားရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင် နောက်ထပ် တောင်သူတစ်ဦးအား ထပ်တိုးတရားစွဲဆိုထားသဖြင့် တောင်သူ စုစုပေါင်း ငါးဦးဖြစ်သွားကြောင်း သိရသည်။“အစက လေးဦးပဲ စွဲထားတာပါ။ နောက်တော့ တစ်ဦးထပ်တိုးလာတယ်။ သူက ခူးဆူရယ်ပါ။ သူက ပုံစံ ၇ နဲ့ တောင်ယာစိုက်နေတဲ့သူပါ။ သူ့ကို ဘာလို့စွဲတာလဲဆိုတာ စစတော့မသိဘူး။ စခန်းမှုးခေါ်တွေ့လို့ မေးတော့လည်း သူလည်းမသိဘူးလို့ ပြောတယ်။ အခု တရားရုံးရောက်မှ ခူးဆူရယ်ကိုလည်း ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတယ်ဆိုတာ သိရတယ်” ဟု တရားစွဲခံထားရသော တောင်သူတစ်ဦးဖြစ်သည့် ခူးတူရယ်က ပြောကြားသည်။ထိုအမှုအား ခမရ ၅၃၁ မှ ဗိုလ်ကြီးကျော်မျိုးလွင် ဆိုသူက တရားလိုပြုလုပ်စွဲဆိုခြင်းဖြစ်ပြီး မြို့နယ်တရားသူကြီး ဦးဇင်လင်းသန့်မှ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ အမှုအား သုံးယောက်ကိုတစ်ကြိမ် နှစ်ယောက်ကိုတစ်ကြိမ် နှစ်ကြိမ်ခွဲ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။“
ကျွန်တော်တို့ ကိုယ့်လယ်ကိုယ်ထွန်တာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတယ်ဗျာ။ ဒါမတရားဘူး။ ကျွန်တော်တို့ ဘိုးဘွားပိုင်မြေဖြစ်ကြောင်း သက်သေပြသွားမှာပါ” ဟု တရားစွဲခံထားရသူ တောင်သူတစ်ဦး ဖြစ်သော ခူးဆူရယ်က ပြောကြားသည်။တရားရုံးသို့ ဆိုလျားကူးရေးရွာမှ ရွာသား ၁ဝဝ ကျော်နှင့်အတူ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ တောင်သူလယ်သမား ကော်မတီဝင်များ၊ ကရင်နီပြည်လူငယ်များ သမဂ္ဂအဖွဲ့ဝင်များလည်း လာရောက်စောင့်ကြည့် နားထောင်ကြသည်ဟု သိရသည်။ကယားပြည်နယ်တွင် ပထမဆုံး ထွန်တုံးတိုက်ပွဲအဖြစ် မေ ၂၇ ရက်တွင် ဆိုလျားကူးကျေးရွာရှိ တောင်သူသုံးရာကျော်က ဆုတောင်းဝတ်ပြုခြင်းဖြင့် စတင်ကာ ထွန်ယက်စိုက်ပျိုး ခဲ့ကြပြီးနောက် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးက တောင်သူကော်မတီ ၁ဝ ဦး လက်မှတ်ထိုးပါက တောင်ယာဆက်လက် လုပ်စားခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း တောင်သူများက မိမိတို့ဘိုးဘွားပိုင် မြေများဖြစ်၍ လက်မှတ်မထိုးနိုင်ကြောင်း ငြင်းဆို၍ တောင်ယာများအား ဆက်လက် ထွန်ယက်စိုက်ပျိုး ခဲ့ကြသည်ဟု သတင်းရရှိသည်။ခမရ ၅၃၁ တပ်မှ သိမ်းယူရာတွင် တောင်ယာစိုက်ပျိုးမြေ ၄၃၈ ဧက အပါအဝင် သစ်တောမြေနှင့် စားကျက်မြေများ စုစုပေါင်း  ဧက ၁၂ဝ၈ အား သိမ်းယူခဲ့ခြင်းဖြစ်ပြီး ဆိုလျားကူး ကျေးရွာသားများ လုပ်ကိုင်စားသောက်နေသော တောင်ယာမြေအားလုံး တပ်မြေဧရိယာထဲ ပါဝင်သွားခြင်း ဖြစ်သည်ဟု သိရသည်။        




D Nay Min

No comments:

Post a Comment