Sunday, September 14, 2014

ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေပြဿနာအတွက် အမှုရင်ဆိုင်နေရသော တောင်သူများ အပတ်စဉ် ရုံးချိန်းကြောင့် မြေသိမ်းခံရစဉ်ကထက် ပိုမိုကျပ်တည်းလာ


ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေ ပြဿနာအတွက် မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသော မြေသိမ်းခံတောင်သူများမှာ မြေသိမ်းခံရစဉ် အခြေအနေထက် ပိုမိုဆိုးရွားသော ကျပ်တည်းမှုများကို ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရန်ကြိုးစားခဲ့ရာတွင် စရိတ်များစွာကုန်ကျခဲ့ခြင်း၊ မြေပြန်မရရှိဘဲ အိမ်ထောင်ဦးစီး ၅ဝ ကျော်ထောင်ချခံခဲ့ရခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများဖျက်ဆီးခံရခြင်း၊ လက်ရှိတောင်သူ ၁၇ဝ ကျော် တရားရင်ဆိုင်နေရခြင်း စသည့်အခြေအနေများကြောင့် အကြွေးဝန်ပိလျက်ရှိကြောင်း မြေသိမ်းခံ တောင်သူများက ပြောကြားသည်။“အခုတရားစွဲခံရတဲ့ တောင်သူ ၁၇၃ ဦး ရှိတယ်။ အပတ်စဉ် ရုံးချိန်းသွားရတာ ခုနစ်ကြိမ်လောက်ရှိပြီ။ မြေ
မသိမ်းခံခဲ့ရတုန်းကတောင် ဒီလောက်ဒုက္ခ မရောက်ခဲ့ဘူး” ဟု ခအုံးတာကျေးရွာတောင်သူ ဦးသန်းထိုက်က ဆိုသည်။ဇူလိုင်လလယ်ပိုင်းက တောင်သူ ၅၆ ဦးကို ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းတွင် တောင်သူ ၁၇၃ ဦးကို ဆက်လက် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အမှုတွဲများမှာ ပြီးစီးခြင်း မရှိသေးကြောင်း သိရသည်။“တရားလိုပြသက်သေတွေကို စစ်နေတုန်းပဲ။ ကျွန်တော်တို့က ဒီတိုင်းပဲငုတ်တုတ်ထိုင်ပြီး ပြန်လာရတာ။ အလုပ်အကိုင်ကလည်းပျက်၊ အကြွေးတွေလည်းပိလှပြီ။ လူရောစိတ်ကော ချုံးချုံးကျပါပြီ” ဟု တရားရင်ဆိုင်နေရသည့် တောင်သူတစ်ဦးက ပြောကြားသည်။လက်ရှိတရားစွဲ ခံရသူများတွင် အသက် ၁၈ နှစ်အောက်ကလေးများ၊ အသက် ၇ဝ၊ ၈ဝ ခန့်အရွယ်ရှိ သက်ကြီးရွယ်အိုများ အပြင် ထောင်ဒဏ်ကျခံလျက်ရှိသူ ၁၉ ဦး လည်း ပါဝင်နေကြောင်း သိရသည်။“နောက်တစ်ခါ ရုံးချိန်းက စက်တင်ဘာ ၁၉ ရက်ပါ။ အသက် ၈ဝ ဝန်းကျင် အမေအိုကြီးတွေအတွက် ရုံးချိန်းခဏခဏ လာရတာ တော်တော်လေးဆိုးတယ်။ ထောင်ထဲကလူတွေကိုတော့ လောလောဆယ် ရုံးမထုတ်သေးဘူး” ဟု ဦးသန်းထိုက်က ဆိုသည်။လက်ရှိထောင်ဒဏ် ကျခံနေရသည့် မြေသိမ်းခံတောင်သူများ၏ မိသားစုဝင်များမှာ ၎င်းတို့ကိုယ်တိုင် တရားရင်ဆိုင်နေရခြင်း၊ ထောင်ရွှေ့ပြောင်းခြင်းများနှင့် ငွေကြေးလိုအပ်ချက်များကြောင့် ထောင်ဝင်စာတွေ့ရန် ခက်ခဲလျက်ရှိကြောင်း၊ ကြံစီမံကိန်းဧရိယာတွင် လေ့ကျင့်ရေးတပ်များ တပ်စွဲလျက်ရှိပြီး မြေသိမ်းခံတောင်သူများ၏ ယာစောင့်တဲများကို လာမည့်သီတင်းပတ်အတွင်း အပြီးရွှေ့ဆိုင်းခြင်း မရှိပါက ဖျက်ဆီးခံရဖွယ်ရှိနေကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်တောင်သူများ၏ အခက်အခဲကို လျစ်လျူရှုနေဆဲဖြစ်ကြောင်း မြေသိမ်းခံ တောင်သူများစွာက ပြောကြားသည်။“ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့အမှုက မြေယာပိုင်ဆိုင်မှုနဲ့ မဆိုင်ပါဘူး။ တောင်သူတွေကို ထောင်ချလိုက်တဲ့ တရားသူကြီးရဲ့အမှုစစ်ချက်တွေမှာလည်း စီမံကိန်းမြေတွေဟာ တရားစွဲခံတောင်သူတွေ ပိုင်ဆိုင်တယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေ ပြန်ရဖို့ တရားတဲ့နည်းလမ်းနဲ့ဆက်ပြီး ကြိုးစားသွားမှာပါ” ဟု ခအုံးတာကျေးရွာမှ ဦးသန်းထိုက်က ဆိုသည်။                 

No comments:

Post a Comment