ရန်ကုန်၊ မေ ၂၇
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ အပြီး လွှတ်တော် ခေါ်ယူခြင်း မရှိသော ကြောင့်
နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်
အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်ဟောင်း များကို တရား
စွဲဆို သွားမည် ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များအဖွဲ့
အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့်က ပြော ကြားသည်။
မေလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် ယုဒသန်
ခန်းမတွင် ပြုလုပ်သော ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ငွေရတု
အခမ်းအနား ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း
ဖြစ်သည်။
နိုင်ငံတော် အချုပ် အခြာ အာဏာကို ပြည်သူ လူထုက ဥပဒေနှင့် အညီ ရွေးချယ်
တင်မြှောက် ပေးသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များထံ လွှဲအပ် ရမည့်
တာဝန်ကို တပ်မတော် အစိုးရ အဖွဲ့ဝင် များက ဖောက်ဖျက် ကျူးလွန်
ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဖြစ်မျိုး အစဉ်အလာ တစ်ခုသဖွယ် ထပ်မံ
မဖြစ်ပွားစေရန် အတွက် ဥပဒေကို ချိုးဖောက် ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်
ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်များနှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်
ဖွံ့ဖြိုးရေး ကောင်စီ ဝင်များကို တရား စွဲဆိုမည် ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
ယင်းသို့ တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်းများကို တရားစွဲဆိုမည် ဆိုပါက ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း အစိုးရ အဖွဲ့ဝင်ဟောင်းများကို
အကာအကွယ်ပေးထားသည့် ပုဒ်မများ ရှိသောကြောင့် တရားရုံးမှ ပယ်ချမည်ကို
သိရှိထားသော်လည်း ပြည်သူလူထုမှ အဖြစ်မှန်ကို သိရှိစေရန်အတွက်
ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်က ဆိုသည်။
“အဲဒီ အရင်အစိုးရ အဖွဲ့ဝင်တွေက အခုလက်ရှိ အစိုးရအဖွဲ့ထဲမှာ ရှိနေကြတယ်၊
အဲဒီတော့ တရားစွဲရင် တရားရုံးတွေက ပယ်ချမှာပါ။ နည်းအမျိုးမျိုးနဲ့ကို
ပယ်ချမှာ။ ကျွန်တော်တို့ကလည်း ဗဟိုတရားရုံးအထိ ရောက်အောင် စွဲမယ်။ ဒါက
ဘာလို့လဲဆိုတော့ အတိတ်က လုပ်ခဲ့တာတွေက အမှန်တွေ မဟုတ်ခဲ့ဘူး ဆိုတာကို
ကာယကံရှင်တွေ သိစေချင်တယ်။ ပြည်သူတွေ သိစေချင်တယ်” ဟု ၎င်းကဆိုသည်။
သို့သော်လည်း ယင်းသို့ အစိုးရ အဖွဲ့ဝင်ဟောင်းများကို တရားစွဲပါက
အစိုးရအဖွဲ့နှင့် အတိုက်အခံ အင်အားစုများအကြား အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်နေသော ယုံကြည်မှု တည်ဆောက်ရေးကို
ထိခိုက်လာမည်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ထောက်ပြပြောဆိုသည်။
“ပြုပြင်ပြောင်းလဲရေး ကာလမှာ ဒါမျိုးက အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆို
လက်ရှိအချိန်က အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ၄၃၆ ပြင်ရင် ကျန်အားလုံးပြင်ဖို့
လွယ်သွားမှာစိုးလို့ အကျပ်အတည်း ဖြစ်နေတာ၊ အဲဒါကြောင့်
အရင်လူဟောင်းတွေပါတဲ့ အစိုးရအဖွဲ့နဲ့ အတိုက်အခံ ပါတီတွေ၊ လက်နက်ကိုင်တွေ
အကြားမှာ ယုံကြည်မှု တည်ဆောက်နေရတဲ့ ကာလပါ။ အချိန်ကိုက် ဟုတ်မဟုတ်
ပြန်စဉ်းစားဖို့ လိုတာပေါ့” ဟု ၎င်းကဆိုသည်။
အဆိုပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်ဟောင်းများ လက်ရှိအစိုးရ
သက်တမ်းအတွင်း တာဝန်ထမ်းဆောင်နေသူများ ပါဝင်လျက်ရှိသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ
ဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ၊
ဗိုလ်မှူးချုပ်မောင်အေး၊ ဗိုလ်မှူးချုပ်ခင်ညွန့်၊ ဗိုလ်မှူးကြီးတင်ဦးတို့က
ဦးဆောင်ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း
ကြေညာပြီး အာဏာသိမ်းယူခဲ့သည်။
ယင်းနောက်တွင် နိုင်ငံရေးပါတီများကို တည်ထောင်ခွင့်ပြုကာ ၁၉၉၀ ရွေးကောက်ပွဲ
ကျင်းပပြုလုပ်ပေးခဲ့သော်လည်း လွှတ်တော်ခေါ်ယူခဲ့ခြင်း မရှိပေ။
ယင်းရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။
၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင်မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်ပြီး
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ် အမည်ပြောင်းလဲ
ဖွဲ့စည်းခဲ့သည်။
၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် တပ်မတော် အာဏာသိမ်းစဉ်က ဦးဆောင်ခဲ့သည့်
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁)
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ အနားပေးပြီး လက်ရှိ နိုင်ငံတော်သမ္မတ
ဖြစ်သည့် ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်ကို အစားထိုး
ခန့်အပ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ
၄၄၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊
ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊
ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့်
ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံပြီး ယင်းအဖွဲ့ သို့မဟုတ်
အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ
ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊
အရေးယူခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်။
The Voice Weekly